International News

အမေရိကန် - ဂျပန်ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု (Trade Deal) အပြီးသတ်ကြောင်း သမ္မတ ထရမ့်ကဆို

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-ဂျပန်ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှု (Trade Deal) အပြီး သတ်ကြောင်း ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါ  သည်။ ယင်းသို့ရေးသားဖော်ပြရာတွင် “ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေး အပေးအယူညှိနှိုင်းမှု အပြီးသတ်ကြောင်းနှင့် ယင်း Trade Deal သည် ကုန်သွယ်ရေးအပေးအယူ ညှိနှိုင်းမှုများတွင် အကြီးဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ (၅၅၀) အထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဖြစ်ပြီး ယင်းရင်းနှီးမြှုပ်နှံမှု၏ အမြတ် (၉၀) ရာခိုင်နှုန်းကို အမေရိကန်က ရရှိမည်ဖြစ်ကြောင်း၊ ဤသဘောတူညီချက်အရ အမေရိကန်နိုင်ငံအတွင်း အလုပ်အကိုင် အများ အပြား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးအချက်တစ်ခုမှာ ဂျပန်နိုင်ငံက မော်တော်ယာဉ်နှင့် ကုန်တင်ကား၊ ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားအမေရိကန်ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံသို့ အပြန် အလှန်သွင်းကုန်ခွန် (၁၅) ရာခိုင်နှုန်းပေးမည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။ 
ဂျပန်နိုင်ငံနှင့်ပတ်သက်၍ ထပ်မံရေးသားဖော်ပြရာ၌ မည်သည့်အခါမှ ဖွင့်ပေးခဲ့ခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ ဈေးကွက်သို့ အမေရိကန်နိုင်ငံ၏မော်တော်ယာဉ်များ၊ SUVs  အမျိုးအစား မော်တော်ယာဉ်များနှင့် ကုန်တင်ကားများအပြင် ဆန်နှင့်စိုက်ပျိုးရေးထုတ်ကုန်များကို ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ဝင်ရောက်ခွင့် ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ဈေးကွက်ဖွင့်ပေးခြင်းဖြင့် ဂျပန်နိုင်ငံအတွက်လည်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ စစ်ဘက်နှင့် အခြားသုံးပစ္စည်းကိရိယာများကိုလည်း အမေရိကန်ထံမှ ဂျပန်ကဝယ်ယူမည်ဖြစ်ကြောင်းနှင့် ယင်းသို့ကုန်သွယ်ရေး အပေးအယူပြုလုပ်နိုင်ခြင်းသည် သွင်းကုန်ခွန်ချမှတ်ခြင်း၏အင်အား (Tariff power) ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ 
အမေရိကန်သမ္မတက ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ ရေးသားဖော်ပြချက်တစ်ခုတွင် “ကုန်သွယ်ရေးဆွေးနွေးမည့်နိုင်ငံအနေဖြင့် ၎င်း၏ဈေးကွက်ကို ဖွင့်ပေးမှသာလျှင် အမေရိကန်နိုင်ငံက သွင်းကုန်ခွန်ကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပိုမိုမြင့်မားသည့် သွင်းကုန်ခွန် ချမှတ်မည် ဖြစ်ကြောင်း” သိရှိရသည်။
အမေရိကန်သမ္မတက အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့်/ပြုလုပ်လိုသည့်နိုင်ငံများအား အမေရိကန်ကုန်ပစ္စည်းများအတွက် ဈေးကွက်ဝင်ရောက်ခွင့် ဖွင့်ပေးရန် ၎င်း၏လိုလားချက်ကို မီဒီယာမှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်ရာ ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အချက်ဖြစ်သည်။
အမေရိကန်သမ္မတအိမ်ဖြူတော်က “အမေရိကန်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence,  AI) လုပ်ငန်းအစီအစဉ် (White House Unveils America’s AI Action Plan)” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ငန်းအစီအစဉ်တွင် အမေရိကန်နိုင်ငံ၏ AI နည်းပညာများကို ပြည်ပသို့တင်ပို့ခြင်း၊ Data Centers နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်စက်ရုံများအတွက် ခွင့်ပြုမိန့်များကို အဆင့်မြှင့်တင်ခြင်းနှင့် ခွင့်ပြုမိန့် လျင်မြန်စွာ ထုတ်ပေးခြင်း၊ AI နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန် ဟန့်တားသည့် ဖက်ဒရယ်လုပ်ထုံးလုပ်နည်းများကို ဖယ်ရှားခြင်းနှင့် Free Speech in Frontier Models အသုံးပြုခြင်းကို အားပေးခြင်း စသည့်အချက်များ အဓိကပါဝင်ကြောင်း သိရှိရသည်။ 
Source:  ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့

 

Category: International News